Saturday, October 1, 2011

the sun rises

     အချိန်ကြာမြင့်စွာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ညီအကိုလိုခင်သည့် အကိုတစ်ယောက်အား ဘူတာသို့သွားကြိုရန် သူ အဆောင်မှထွက်လိုက်သည်…အပြင်သို့ရောက်လျှင်ရောက်ချင်း..နွေရာသီ၏ အပူရှိန်ရိုင်းရိုင်းက သူ့အား အတင်းအဓ္ဓမ ပွေ့ဖက်ပစ်သည်.. ဒယ်အိုးထဲထည့်လှော်ခံရသည့် ပေါက်ပေါက်ဆုပ်လိုမျိုး သူခံစားနေရသည်.. vampire ဇာတ်ကားတွေထဲကလို နေနှင့်ထိပြီး မီးလောင်ပြာကျသွားလျှင် ကောင်းသား… ကားစီးလိုက်၊ မီသရိုစီးလိုက်နှင့် ဘူတာသို့ရောက်အောင် သူချွေးဒီးဒီးကျစွာ…အားထုတ်လိုက်ရသည်…ကုန်သွားသည့် energy တွေကို ညကျမှ ဘီယာနှင့် ပြန်ဖြည့်ပစ်လိုက်ဦးမယ် ဟု တေးမှတ်ထားလိုက်သည်…
  ရထားက အချိန်မှန်စွာပင် ဆိုက်ရောက်လာသည်… အတွဲနံပါတ် 8 ၏အပေါက်ဝတွင် သူသွားစောင့်နေလိုက်သည်…. ခရီးသည်တော်တော်များများ ထွက်လာပြီးသည့်နောက်မှ ဟိုကြည့်ဒီကြည့်နှင့် သူ့အကိုထွက်လာသည်….. ခဏပဲနေမည်ဟု ပြောထားသည့်အတိုင်းပင်…ကျောပိုးအိတ်လေးတစ်လုံးသာပါလာသည်… သူကတွေ့လျှင်တွေ့ချင်း အားရဝမ်းသာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်…အကိုကအနည်းငယ်ဝနေသောသူ့အားကြည့်ကာ..
“ မင်း တော်တော်ဝလာတာပဲနော်..ငါက မင်းကို အရင်အတိုင်းပိန်ပိန်လေးလို့ပဲထင်နေတာ..”
သူက အကို့လက်ထဲမှ ကျောပိုးအိတ်ကို ဆွဲယူရင်း
“ ဒါပေါ့အကိုရ…စုဆောင်းထားတာလေးဆိုလို့ ဒါပဲရှိတာလေ……”သူတို့နှစ်ယောက် ပြိုင်တူရယ်မောလိုက်ကြသည်..
“ ကဲ ..အကိုရေ နေပူတယ်…ကျွန်တော်တို့ဆိုင်ထဲဝင်ပြီး တစ်ခုခုသောက်ရအောင်…နည်းနည်းနားတာပေါ့..
ပြီးမှ အဆောင်ကို ဒိုးမယ်…”
ဘူတာမှနီးရာ McDonalds ဆိုင်သို့သွားကာ နှစ်ယောက်သား အအေးမှာလိုက်သည်…အကိုက ဗိုက်မဆာသေးကြောင်း၊ အဆောင်ရောက်မှ အဝကြိတ်မည်ဖြစ်ကြောင်း သူ့အားပြောသဖြင့်..သူလည်း အားနာပါးနာနှင့်ပင် အအေးတစ်ခုတည်းသာ မှာတိုက်လိုက်ရသည်… သူတို့နှစ်ယောက် အအေးလေးသောက်လိုက် ရှေးဟောင်းနှောင်းဖြစ်များ ပြောလိုက်နှင့် စကားကောင်းနေကြသည်….အကိုက ဗဟုသုတကြွယ်သည်..စကားပြောကောင်းသည်…ဟာသတွေလည်း တော်တော်များများသိသည်…. ပြီးတော့ အားလပ်ချိန်တိုင်း စာရေးသည်… အကိုရေးသောစာများကို သူက တည်းဖြတ်ပေးရသည်…အဓိကမှားတတ်သည်မှာ စာလုံးပေါင်းသတ်ပုံများပင်…သူကစာလုံးပေါင်းတွေ စစ်ဆေးပေးသည်.. တစ်ခါတလေ သူက အကိုရေးသော စာ၏ သဘောထားအပေါ်ဝေဖန်လိုက်သေးသည်…ဗဟုသုတအားနည်းသော သူက အကိုနှင့်ပြိုင်တော့ မငြင်းနိုင်…သို့သော် ဘယ်တော့မှလည်း အလျှော့မပေးတတ်…ဘာမာနလည်းတော့ သူလည်းမသိပါ…အကိုနှင့်စကား ပြောလျှင်သူ့အတွက် ဗဟုသုတများစွာရသည်…သူမသိသောအရာများစွာ သိလာရသည်…. …အကိုက သူ့ကို ညီလေးတစ်ယောက်လိုခင်တွယ်သည်..(ညီအရင်းတစ်ယောက်လိုတော့မဟုတ်ပါ အကို့တွင်ညီမလေး တစ်ယောက်ရှိသေးသည်)……ကျွန်တော်ကတော့ အကိုအရင်းလိုပင် ခင်တွယ်ပါသည်.. ကျွန်တော်တို့ နှစ်ယောက် စကားကောင်းနေကြသည်…အအေးလည်းကုန်သွားပြီ…
“ကဲ….အကိုရေ…ကျွန်တော်တို့ သွားကြရအောင်…”
“ အိုကေ ညီလေး…သွားမယ်လေ….” ကျွန်တော်က အကို့ကျောပိုးအိတ်လေးလွယ်ကာ ရှေ့မှ ဦးဆောင်ထွက်လိုက်သည်…ဆိုင်မှထွက်ထွက်ချင်း သိပ်မကြာခင် လမ်းဘေးတွင် တောင်းစားနေသော အဖွားကြီးတစ်ယောက်ကို တွေ့လိုက်ရသည်…သူက ထိုအဖွားကြီးရှေ့တွင်ရပ်ကာ သူ့၌ပါလာသော အကြွေများကို ထည့်လိုက်သည် …ပြီးတော့ သူကလှည့်ထွက်ရန် ဟန်ပြင်လိုက်သည်…. ထိုအခိုက် အဖွားကြီး ခွက်ထဲသို့ ရူဘယ် 200 ထည့်လိုက်သောအကို့ကို သူတွေ့လိုက်သည် အာဟာရမဲ့စွာသေးကွေးကျုံလှီနေသော အဖွားကြီး၏ မျက်လုံးများ အရောင်တဖျက်ဖျက်တောက်သွားသည်ကို သူမိမိရရ သတိထားလိုက်မိသည်… လမ်းတွင် သူက အကို့အား…
“ အကိုက အလှူအဒါန်းတွေ ရက်ရောနေပါလားဗျ…ဧကန္တ ညီမလေးမွေးနေ့ထင်တယ်…”
ရယ်ကျဲကျဲနှင့် သူ့အပြောကို..
“ မဟုတ်ရပါဘူး ညီရာ..မင်းကလည်း..တစ်ဆိတ်ရှိ ဒါပဲလာလာထိခိုက်နေတော့တာပဲ….”
“အာ..အကိုကလည်း…မစိုးရိမ်ပါနဲ့….ညီကအတည်မကြံပါဘူး…အပျော်ပဲသဘောထား………...”
“တော်တော်..ငါသိတယ်..ဆက်မပြောနဲ့တော့..ခုနကပီတိလေးတောင်ဘယ်ရောက်သွားလည်းမသိဘူး…”
“ဟားဟား…..” သူအကို့ကိုမနောက်ရတာကြာသဖြင့် နောက်လို့တော်တော်ပင် အရသာရှိပါသည်..
“အင်း…ခုနကလှူတဲ့ကိစ္စလေးဆက်ပြောပါဦး…ဒီတစ်ခါ ညီမနောက်တော့ပါဘူး…ဘယ်သူ့အတွက်လဲ..လှူလိုက်တာက”
“ ဘယ်သူ့အတွက်မှမဟုတ်ဘူး..အဖွားကြီးအတွက်လေ…အကိုက ဒီညနေကျရင် ဘီယာနဲ့ဆေးလိပ်ဝယ်သောက်မယ့်ပိုက်ဆံကို သူ့အတွက် လှူလိုက်တာ……ညီကလည်း…
စဉ်းစားကြည့်လေ…အကိုတို့တစ်ရက်နှစ်ရက်မသောက်ပဲနေလိုက်ပြီး အဲဒီကုန်မယ့်ပိုက်ဆံကို သူ့ကိုလှူလိုက်ရင်
သူ့အတွက် ထမင်း နှစ်နပ်စာ ဖြစ်သွားမှာ…အကိုတို့က မသောက်လည်းဘာမှမဖြစ်ဘူး….အဲလိုရည်ရွယ်ပြီးလှူလိုက်တာ…အဲလိုလှူရတာလေ …ဘာနဲ့မှမတူဘူး
မင်းသတိထားမိမှာပေါ့..အဲလိုပီတိမျိုးက တစ်အားချိုမြိန်တာကွ…ဒီတိုင်းလှူမယ် လှူမယ်နဲ့စိတ်ကူးထားရင်
ဘယ်တော့မှ လှူဖြစ်မှာမဟုတ်ဘူး..အခုလို သွားတုန်းလာတုန်း သူများလိုအပ်ချက်ကိုဖြည့်ဆီးပေးခွင့်ရတာ
လှူခွင့်ရတာ ဘယ်လောက်ကောင်းလဲ…. မဟုတ်ဘူးလား…အကိုတို့လည်း အမြဲတမ်းတော့ ဘယ်လှူနိုင်မလဲ…
ဒါပေမယ့်…လှူချင်စိတ်ရှိလာရင် အဲလိုလှူလိုက်ရတာ သိပ်ပီတိဖြစ်တာ..ညီ…..”
သူက အကို့စိတ်ဓာတ်ကို လေးစားမိသည်..အကိုတော့မသိ…သူပင်လျှင် ဘေးကနေ ပီတိအရှိန်ကို ခံစားနေမိသည်…..ချက်ချင်းပင် သူပေးခဲ့သော အကြွေစေ့များအတွက်
အနည်းငယ် ရှက်စိတ်ဝင်လာမိလေသည်…အကိုနှင့်တွေ့လိုက်ရလျှင် သူ့အတွက် တစ်ခုခုတော့
အကျိုးရှိတာကျန်စမြဲပင်…
သူ့စိတ်ထဲ နောက်တစ်ခေါက်သာတွေ့ရင်တော့ ငါလည်း လှူမယ် ဟူ၍ စိတ်ကူးနေမိသည်…မီသရိုမှအထွက်တွင် သူ့စိတ်ကူးပြည့်စေမည့် အဖွားကြီးနောက်တစ်ယောက်တွေ့လိုက်ရသည်…သူဝမ်းသာအားရဖြစ်သွားသည်…..
သူအပြေးအလွှားပင် သူ့၌ပါလာသော ရူဘယ် 400 လုံးကိုထည့်လှူလိုက်သည်….
ထင်မှတ်မထားသော ဖြစ်ရပ်ကြောင့် အဖွားကြီး အံ့သြသွားသလို မျက်ရည်များလည်း ဝေ့တက်လာသည်….
သူ့အားကြည့်ကာ ဆုများတရစပ်ပေးနေသည်…တုန်ရီချိနဲ့နေသည့် အဖွားကြီးသည်…အကယ်၍သာ
သူ့မိခင်ဖြစ်ခဲ့လျှင်ဆိုသော အတွေးက သူ့ရင်ကိုထိခိုက်နာကျင်စေသည်…တစ်ရိပ်ရိပ်တက်လာသော ပီတိအရှိန်က
တစ်ကျွတ်ကျွတ်ပူနေသော နေပူရှိန်ကို ခြုံလွှမ်းကာ အေးမြသွားသည်….နှုတ်ခမ်းများတစ်ဆတ်ဆတ် တုန်လာသည်အထိ သူပီတိတွေ စားသုံးနေမိသည်….အကိုက သူ့နောက်မှရောက်လာကာ
ပုခုံးပုတ်ပြီး…
“ကဲ…ညီ..သွားရအောင်…ဘယ်လိုလဲ…လှူလိုက်ရတာ….စိတ်ထဲ ဘယ်လောက် ပီတိဖြစ်လိုက်လဲ..ညီသိပြီမလား….”
“ဟုတ်တယ်အကို….ကျွန်တော်နားလည်သွားပါပြီ…လိုအပ်ချက်နဲ့ဖြည့်စွက်ချက်ကိုပေါ့….အခုလည်း
ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးကို အေးချမ်းနေတယ် အကိုရာ…ကျွန်တော်လေ…ဒီညအကို့ကို
တိုက်မယ့်ဘီယာဖိုးနဲ့ကြက်ကင်ဖိုး၊ဟင်းဖိုးကို လှူလိုက်ရတာ အတိုင်းမသိပီတိပါပဲအကိုရာ….”


(မိမိကိုယ်တိုင်ရေးသားသော စာမူဖြစ်ပါသည်)